လူငယ်လေး ၃ ယောက် ရှိလေသည်



လူငယ်လေး ၃ ယောက် ရှိလေသည်

(၁)
ဒီတစ်ခေါက် မင်းတပ်-မတူပီခရီးမှာ ကျွန်တော်တို့နဲ့အတူ သူနာပြု ဆရာမလေးတစ်ယောက် ပါလာတယ်။ စကားပြောကြည့်ရုံနဲ့တင် ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ခုလို ခရီးအတူ ထွက်ကြတော့မှ သူ့အကြောင်းတွေ ပိုသိခဲ့ရတယ်။
သူ့ဇာတိက ညောင်လေးပင်မြို့နယ်ထဲက ရွာလေးတစ်ရွာမှာ၊ လူမျိုးကတော့ ကရင်။ မွေးချင်း၂ ယောက် ရှိတဲ့အနက် သူက အငယ်။ သူ့အစ်မက ငယ်ငယ်ကတည်းက ချူချာတော့ မိဘတွေက သူ့ထက် သူ့အစ်မကို ပိုဦးစားပေးလေ့ ရှိတယ်။ ဒါကို သူက မကျေနပ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ မကျေနပ်ချက်တွေကို အရွဲ့တိုက်ပြီး အဖြေမရှာဘူး၊ သူ့ဟာသူ ရပ်တည်နိုင်အောင် ကြိုးစားရင်း ထွက်ပေါက်ပေးတယ်။



သူ ငါးတန်းနှစ်မှာ သူတို့အမျိုးတစ်ယောက်က တစ်နေရာကို ပြောင်းအခြေချမှာမို့ သူတို့အိမ်နားမှာ ရှိတဲ့ စံပယ်ခြံကို ပေးသွားတယ်၊ လုပ်ချင်လုပ်ကြ၊ ရတဲ့ အကျိုးအမြတ် ကိုယ့်ဟာကိုယ်ယူကြ သဘောနဲ့ပေါ့။ တစ်အိမ်လုံး စိတ်မဝင်စားပေမဲ့ သူ့အတွက်တော့ တအားအသုံးကျသွားတယ်။ အဲဒီနေ့ကစပြီး စံပယ်ခြံထဲမှာ မိုးမလင်းသေးဘူး၊ အလုပ်လုပ်တယ်၊ ပြီးရင် စံပယ်ပွင့်တွေကို သီပြီး ဘုရားတင်ဖို့ မှာထားတဲ့ အိမ်တွေနဲ့ ဈေးထဲက ဒိုင်မှာ သွားသွင်း၊ ပြီးမှ ကျောင်းသွားတယ်။ စံပယ်မြစ်တွေကို ကြိုက်တတ်တဲ့ လင်းမြွေတွေ လရောင်ခံနေကြတဲ့အချိန်၊ သူကလည်း မနက်၄နာရီလောက် စံပယ်ပွင့်တွေ ဆင်းအခူး၊ မီးကလည်း မရှိတော့ အဲဒီမြွေတွေကို ကိုင်မိ၊ ပျော့အိအိကြီး ဖြစ်နေမှ မြွေမှန်းသိပြီး လွှတ်ချလိုက်နဲ့ သူရယ် မြွေရယ် စံပယ်ရယ် ဇာတ်လမ်းအကြောင်းကို သူက ရယ်ကာမောကာ ပြောနေပေမဲ့ နားထောင်နေရတဲ့ ကျွန်တော့်မှာတော့ အသည်းတယားယား။



အဲဒီလို ခြံအလုပ်လုပ်တာက စံပယ်တစ်မျိုးတည်းမဟုတ်ဘူး၊ ကင်းမွန်လည်း စိုက်သေးတယ် တဲ့။ အဲဒါကလည်း အရမ်းရောင်းကောင်းတယ် ဆိုပဲ။ ကိုယ့်ဘာသာ အလုပ်လုပ်ရင်း ရတဲ့ပိုက်ဆံနဲ့ ကျောင်းတက်ရတဲ့ အရသာကို သူ သိပ်ကြိုက်သွားတယ်၊ အဲဒါနဲ့ အဲဒီကစပြီး ခုချိန်ထိ မိဘဆီကနေ တစ်ပြားမှ မတောင်းတော့ဘဲ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခဲ့တော့တယ်။

အဲဒီလို အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေပေမဲ့ ကျောင်းစာမှာလည်း လစ်ဟင်းမသွားဘူး။ နှစ်တိုင်း ကျောင်းမှာ ဆုရတယ်။ ဒီလိုနဲ့ သူ ကိုးတန်းရောက်တော့ သူ့အစ်မက ဆယ်တန်းကျတယ်၊ ကျူရှင်တွေ ဂိုက်တွေ ထားပေးတဲ့ကြားက စာမေးပွဲကျပေမဲ့လည်း မိဘတွေက အပြစ်မမြင်ရှာဘူး။ နောက်နှစ် ဆက်ထားတယ်၊ အဲလို ကျူရှင်တွေ ဂိုက်တွေနဲ့ပဲ။ ဒါပေမဲ့ သူကတော့ အိမ်ရဲ့ အခြေအနေကို မြင်တယ်၊ အဖေက အသက်ကြီးလာပြီ၊ နဂိုကတည်းကမှ အဖေရော အမေပါ ကျောင်းဆရာ ဆရာမတွေဆိုတော့ အိမ်က ချောင်လည်တယ်ဆိုဦးတော့၊ သိပ်ပြီး ပိုလျှံလှတယ် မဟုတ်ဘူး။



အဲဒါနဲ့ သူဆုံးဖြတ်ချက်ချလိုက်တယ်၊ ဘာကျူရှင်၊ ဘာဂိုက်မှမယူဘဲ စာမေးပွဲမှာ ဂုဏ်ထူးတွေနဲ့ အောင်အောင် ကြိုးစားမယ်ဆိုပြီး။ တကယ် ဆယ်တန်းအောင်တော့လည်း လေးဘာသာ ဂုဏ်ထူးပါတယ်၊ သူတို့ကျောင်းရဲ့ ဂုဏ်ဆောင် ကျောင်းသူတစ်ယောက် ဖြစ်လာခဲ့တယ်၊ လေးဘာသာ ဂုဏ်ထူးထွက်တဲ့ စပယ်ပန်းရောင်းတဲ့ ကောင်မလေး ဆိုပြီး အားလုံးက ချီးကျူးရတဲ့သူ ဖြစ်လာခဲ့တယ်၊ အတန်းငယ်တဲ့ ကျောင်းသား ကျောင်းသူတွေအတွက်လည်း အတုယူစရာ ဖြစ်လာခဲ့ပါတယ်။



ဆယ်တန်းအမှတ်စာရင်းက ယောကျာ်းလေးသာ ဖြစ်ခဲ့ရင် ဆေးကျောင်းတက်လို့ရမှာ ဖြစ်ပေမဲ့ မိန်းကလေး ဖြစ်နေခဲ့တဲ့အတွက် သူနာပြုတက္ကသိုလ်ကိုပဲ တက်ခဲ့ရတယ်။ အဲဒီတက္ကသိုလ် တက်နေတဲ့ တစ်လျှောက်လုံးမှာလည်း မိဘဆီက ပိုက်ဆံမယူဘူး၊ ငယ်ငယ်ကတည်းက စုထားခဲ့တဲ့ ပိုက်ဆံတွေရယ်၊ ဂိုက်သင်လို့ရတဲ့ ပိုက်ဆံတွေရယ်နဲ့ ကျောင်းပြီးအောင် တက်ခဲ့တယ်၊ ကျောင်းပြီးပြီးချင်းပဲ ဝိတိုရိယမှာ အလုပ်ရတယ်၊ အဲဒီနောက်တော့ NGO လောကထဲကို ဝင်လာခဲ့ပါတယ်။
ခုတော့ သူ့မိဘတွေကို သူနိုင်သလောက် ပြန်ထောက်နေတဲ့ အနေအထားမျိုးတောင် ရောက်လာခဲ့ပါပြီ။ အသက်၂၂နှစ်ပဲ ရှိသေးတဲ့ သူ့မှာ အသက်အရွယ်နဲ့ မမျှတဲ့ အတွေ့အကြုံတွေ ရှိနေတယ်။ လူငယ်တစ်ယောက်ရဲ့ မာန်တွေလည်း လူငယ်ပီပီ ရှိနေပြန်တယ်။ နောက်ပြီး ကိုယ့်အားကိုယ်ကိုးမယ်၊ မဖြစ်ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ်ဓါတ်ပြင်းထန်မှုတွေကိုလည်း တွေ့နေရတယ်။



(၂)
သူ့နာမည်က ထန်ထန်၊ ချင်းလူမျိုး၊ မောင်နှမ ၇ ယောက်မှာ နံပါတ် ၆။ ခက်ခဲပါ့ ကြမ်းတမ်းပါ့ဆိုတဲ့ ချင်းတောင်တက်လမ်းတွေမှာ အသက် ၁၅ နှစ်နဲ့ ကျွမ်းကျင်အဆင့် ကားဆရာ ဖြစ်နေတော့ ကျွန်တော် စိတ်ဝင်စားမိသွားတာ အမှန်ပဲ။ မတူပီမြို့ရောက်တိုင်း ကျွန်တော်တို့စားနေကျ နော်မီထွေး ဆိုတဲ့ ထမင်းဆိုင်လေးက သူတို့အိမ်က ဖွင့်ထားတာ။ အဲဒီမှာ သွားစားရင်း သူ့အမေနဲ့ သူ့အကြောင်းတွေ ပြောဖြစ်ခဲ့ကြတယ်။
သားထန်က ငယ်ငယ်ကတည်းက ဆိုင်ကယ်တွေ ကားတွေ သိပ်စိတ်ဝင်စားတာ၊ ဘယ်လိုမောင်းတယ်၊ ဘယ်လိုပြင်ရတယ် ဒါတွေပဲ လိုက်ကြည့်နေတာ။
အဲဒီစကားကိုတော့ အပြည့်အ၀ လက်ခံတယ်။ လမ်းမှာတစ်ထောက်နားကြတုန်း ဘေးမှာလာထိုင်ပြီး ဂိမ်းကစားနေလို့ ဘာကစားနေတာလဲ ကြည့်လိုက်တော့ ကားမောင်းတဲ့ဂိမ်း၊ ဒါတောင် ကားမောင်းပြိုင်ရတဲ့ ဂိမ်း မဟုတ်ဘူး၊ ကုန်ကားကြီးတွေကို ပါကင်ထိုးတာ၊ ချိုင့်တွေကြားထဲမှာ လွတ်အောင် မောင်းရတာ လုပ်ရတဲ့ ဂိမ်း။ အဲဒါနဲ့ပြောရတယ်၊ မင်းကွာ၊ ဒီလောက်အပြင်မှာ မောင်းနေရတာတောင် မပျင်းသေးဘူးလား၊ ဂိမ်းထဲမှာပါ လာမောင်းနေသေးတယ် လို့။



လောကမှာ အကောင်းဆုံးအလုပ်ဟာ လုပ်လို့လုပ်နေမှန်းတောင် မသိရတဲ့အလုပ် လို့ပြောကြတယ်၊ ဆိုလိုတာက ကိုယ်လုပ်နေရတဲ့ အလုပ်နဲ့ ကိုယ့်ဝါသနာ တစ်ထပ်တည်း ကျနေခဲ့တယ်ဆိုရင် ဒီအလုပ်လုပ်နေရတဲ့အတွက် မပင်ပန်းတော့ဘူး၊ လုပ်နေရရင်ကို ပျော်နေတာ၊ အလုပ်လို့ကို မဟုတ်တော့ဘဲ ကိုယ့်ဘ၀ အစိတ်အပိုင်းလိုကို ဖြစ်လာတာ။ အန္တရာယ်များပြီး ပင်ပန်းလှတဲ့ ကားမောင်းတဲ့ အလုပ်ဟာ သူ့အတွက်တော့ ဒီလိုသဘောမျိုး ဖြစ်နေလိမ့်မယ် ထင်တယ်။

နောက်ပြီး သူက ပိုက်ဆံသိပ်ရှာတာ၊ ငယ်ငယ်ကတည်းက ဒီက ဗျူဟာမှူးတို့၊ ဆေးရုံက ဆရာဝန်တို့တွေ ဂေါက်ရိုက်ကြရင် သူက ဂေါက်အိတ်လိုက်လိုက်ထမ်းပေးတာ၊ သားထန် ကျောင်းမတက်လို့ ပျောက်နေပြီဆို အဲဒါ ဂေါက်အိတ်သွားထမ်းနေတာပဲ။ ပြီးရင် ရတဲ့ပိုက်ဆံကို ဘယ်သူ့မှမပေးဘူး၊ သူ့အစ်မတွေ ယူမှာစိုးလို့ အိမ်က ထုတ်တန်းပေါ်မှာ ဖွက်ဖွက်ထားတတ်တယ် လို့ သူ့အမေက ရယ်ကာမောကာ ပြောပါတယ်။



အဲဒီလို ကျောင်းတက်လိုက် ငွေရှာလိုက် စုထားလိုက်နဲ့ ပျော်စရာကောင်းနေတဲ့ သူ့ဘဝအတွက် အလှည့်အပြောင်းတစ်ခု ပေါ်လာတယ်။ ဘာလဲဆိုတော့ သူ့အောက်က ညီမလေး သွေးကင်ဆာဖြစ်လို့ မန္တလေးဆေးရုံမှာ တင်လိုက်ရတာပါပဲ။ သွားရလာရခက်တဲ့ မတူပီမြို့ကနေ ပခုက္ကူဆေးရုံကို တစ်ခါလွှဲ၊ အဲဒီကမှတစ်ဆင့် မန္တလေးကို ဆက်သွားရတာ ဆိုတော့ သွားစရိတ်လာစရိတ်တင် မနည်းဘူး။ ဖြစ်တာကလည်း သွေးကင်ဆာဆိုတော့ ကုန်မဲ့ပိုက်ဆံက မှတ်ထားလို့တောင် မလောက်တော့ဘူး၊ ရှိသမျှ အကုန်ရောင်းချလိုက်ရတယ်၊ သိန်းကို ရာချီကုန်သွားခဲ့တယ်။ ဒီကြားထဲ အဲဒီအချိန်မှာ သူ့အစ်ကိုတစ်ယောက်က Theology အထူးပြုနဲ့ ကျောင်းတက်နေတုန်း။ အဲဒီကျောင်းစရိတ်တွေလည်း ရှိသေးတယ်။ သူ့အဖေတစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့တင် မလောက်တော့ဘူး၊ သူ့အစ်မအကြီးတွေပါ အလုပ်တွေ လုပ်နေရပြီ၊



ဒီလိုအချိန်မှာ အသက် ၁၃ နှစ်ပဲ ရှိသေးတဲ့ ထန်ထန်တစ်ယောက်လည်း ထိုင်မနေချင်တော့ဘူး။ ကျောင်းထွက်၊ ကုန်ကားနောက်လိုက်လုပ်ပြီး အိမ်အတွက် ပိုက်ဆံထွက်ရှာရတော့တယ်။ အရင်က သူရှာတဲ့ပိုက်ဆံ သူများယူမှာ အင်မတန်ကြောက်ခဲ့တဲ့ ထန်ထန်တစ်ယောက် သူရှာထားသမျှ သူ့ညီမအတွက် ပို့ပို့ပေးနေတော့တယ်။ “အမေ သား နော်မီထွေးလေးအတွက် ပိုက်ဆံပို့ပေးလိုက်တယ်နော် လို့ သူ ဖုန်းဆက်ပြောတဲ့အချိန်တိုင်း ကျွန်မမျက်ရည်ကျခဲ့ရတယ်” တဲ့။ အဲဒီလို နောက်လိုက်လုပ်ရင်းကနေ ကားမောင်းသင်ခဲ့တယ်၊ ခုတော့ နှစ်နှစ်အတွင်းမှာ သူကိုယ်တိုင် ကားဆရာဖြစ်လာခဲ့ပြီ။ အသက်နဲ့ မလိုက်တဲ့ ကိုယ်ခန္ဓာအရပ်အမောင်း၊ ရုပ်ရည်၊ မိသားစုထဲမှာ အသားအမည်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သူ့ဘဝသူ ကျေနပ်ပြီး မိသားစုအတွက် ငွေရှာပေးနေလေရဲ့။



(၃)
နောက်ဆုံးတစ်ယောက်ကတော့ နည်းနည်းထူးခြားတယ်၊ မတူပီမြို့ပေါ်က ရွှေညာသား ဆိုတဲ့ လက်ဖက်ရည်ဆိုင်ရဲ့ ပိုင်ရှင်။ အသက်က ၁၉နှစ်ပဲ ရှိသေးတယ်၊ ပခုက္ကူသား။ သူငယ်ချင်း လက်ဖက်ရည်ဆိုင်မှာ စိတ်ဝင်စားလို့ သွားလေ့လာရင်း လက်ဖက်ရည်ဖျော်နည်းတွေ၊ ပလာတာ လုပ်နည်းတွေ တတ်လာခဲ့တယ်။ ခုဆိုင်မှာတော့ သူပဲ ဆိုင်ရှင်၊ သူပဲ စားပွဲထိုး၊ သူပဲ အဖျော်ဆရာ၊ သူပဲ မုန့်ဆရာ။ သူ့ကို ကူဖို့ ပခုက္ကူကနေ ခေါ်လာတဲ့ ကလေးလေးတစ်ယောက်ရှိတယ်၊ နောက်ပြီး မတူပီမြို့ပေါ်က သူ့သူငယ်ချင်းတွေကလည်း ဆိုင်မှာ လာကူညီပေးကြတယ်။
ကျွန်တော်က လူငယ်ဆိုတော့ လူငယ်အချင်းချင်းလည်း အဆင်ပြေတယ်၊ လူကြီးတွေကလည်း သဘောကျကြတယ် တဲ့။ သွားရေးလာရေးခက်ပြီး လူဦးရေကလည်း နည်းတဲ့ မတူပီလိုမြို့မှာ တကူးတက စီးပွါးရေး လာလုပ်နေလို့ မေးကြည့်တော့ မတူပီမှာက စီးပွါးရေးလုပ်လို့ကောင်းတယ်၊ ပခုက္ကူမှာလို ဆိုင်တစ်ဆိုင်ဖွင့်ရင် တီဗွီတွေ စလောင်းတွေနဲ့ ပကာသနတွေ ဘာမှမလိုဘူး လို့ဆိုတယ်။ ဒီလောက် ခက်ခဲတဲ့ မတူပီမြို့မှာ စီးပွါးရေး လုပ်ကောင်းတယ် ဆိုတဲ့ သူ့အသံကို ကြားတော့ ဖတ်ဖူးတာလေးတစ်ခု သွားသတိရမိတယ်။



တစ်ခါက ကျွန်းတစ်ကျွန်းကို ဖိနပ်ကုမ္ပဏီတစ်ခုက အရောင်းကိုယ်စားလှယ်တစ်ယောက် လွှတ်လိုက်တယ်။ အခြေအနေ အကဲခတ်ပြီးတဲ့အခါ အကြောင်းပြန်ပါတယ်။ ဒီမှာတော့ အောင်မြင်မှာ မဟုတ်ဘူး၊ ဘာလို့ဆိုတော့ ဒီကလူတွေက ဖိနပ်မှမစီးကြဘဲ တဲ့။ အဲဒီနောက် သူ့လိုပဲ အရောင်းကိုယ်စားလှယ်တစ်ယောက် ထပ်လွှတ်တယ်။ အဲဒီလူက ကျွန်းကိုရောက်ပြီး ကျွန်းသူကျွန်းသားတွေ ဖိနပ်စီးမထားကြတာလည်း တွေ့ရော၊ ဝမ်းသာအားရနဲ့ ဖုန်းဆက်လာတယ်၊ ကျွန်တော့်ဆီကို ဖိနပ်အရံတစ်ထောင် ပို့ပေးလိုက်ပါ၊ ဒီက လူတွေ ဘာဖိနပ်မှ မစီးရသေးဘူး တဲ့။
စိန်ခေါ်မှုလို့ထင်ရတဲ့ အခြေအနေတစ်ရပ်ကို မတူတဲ့ ရှုထောင့်တစ်ခုက ကြည့်ပြီး အခွင့်အလမ်းအဖြစ် ပြောင်းဖို့လိုကြောင်း ဒီပုံပြင်လေးက ပြောသွားတယ်၊ ဒီလူငယ်လေးကလည်း လက်တွေ့လုပ်ပြသွားတယ်။



(၄)
ဘဝဆိုတာကို ကျောင်း လို့တင်စားရင် အဲဒီကျောင်းမှာ အောင်မြင်မှုရဖို့ ကျွန်တော်တို့တွေ စာမေးပွဲ ဖြေကြရပါတယ်။ ဒါပေမဲ့ အဲဒီစာမေးပွဲတွေက တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ ကိုယ့်ကို ပေးလာတဲ့ ပုစ္ဆာတွေကိုပဲ ဖြေဆိုကြရတယ်။ သူများပုစ္ဆာသွားဖြေချင်လို့ မရဘူး။ ဆရာဝန်ဖြစ်သွားတာချင်း တူရင်တောင် မိဘပံ့ပိုးမှု ရှိတဲ့သူက ကျောင်းဆက်တက်ဖို့၊ နိုင်ငံခြားထွက်ဖို့ လုပ်နေချိန်မှာ ပံ့ပိုးမှုမရှိတဲ့သူက ကိုယ့်ပိုက်ဆံကိုယ်ရှာနေရတယ်၊ အလုပ်လုပ်နေရတယ်။ ဒါကို ငါ သူတို့လို မဖြစ်ရကောင်းလား ဆိုပြီး လောကကြီးကို အပြစ်ထိုင်တင်နေရင်တော့ အချိန်ကုန်သွားတာပဲ အဖတ်တင်မယ်၊ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ အရှိကို အရှိအတိုင်း လက်ခံ၊ ကိုယ့်ဘ၀ ကိုယ်သိ၊ ကိုယ့်ပုစ္ဆာ ကိုယ်နားလည်အောင် လုပ်ပြီး စာမေးပွဲအောင်အောင် ကြိုးစားကြရပါတယ်။



Youth is an opportunity to do something and to become somebody in life
ဘဝမှာ တစ်စုံတစ်ရာ ဖြစ်လာဖို့အတွက် လူငယ်ဘဝဟာ အချိန်ကောင်းပဲ။ ကျွန်တော်တို့လူငယ်တွေမှာ ပြသနာတွေ အများကြီး ရင်ဆိုင်နေရတယ်၊ အလုပ်အကိုင်ရှားပါးမှု၊ မူးယစ်ဆေး၊ ကူးစက်ရောဂါတွေ စသဖြင့်ပေါ့။ အဲဒီထဲမှာ အဆိုးဆုံးပြဿနာကတော့ သူ့ပုစ္တာကို ကိုယ့်ပုစ္တာအမှတ်နဲ့ ဝင်ဖြေချင်နေတဲ့ ပြသနာပဲ။ အဲဒီလိုအမှတ်မှားပြီး လိုက်တိုင်းနေတဲ့အခါကျတော့ ကိုယ့်ဘဝကို အားမရတော့ဘူး၊ သူများလို ဖြစ်ချင်လာတယ်၊ အပြစ်တင်ခြင်း၊ မကျေနပ်ခြင်းတွေနဲ့ ပြည့်နှက်လာတယ်၊ စိတ်ဖိစီးမှုတွေ များလာတယ်။ နောက်ဆုံး ဘာမှမလုပ်လိုက်ရဘဲ တန်ဖိုးရှိတဲ့ လူငယ်ဘဝကို ကုန်ဆုံးလိုက်ရတယ်။



အလုပ်အကိုင် ရှားပါးတာကို လက်ဖက်ရည်ဆိုင် ထိုင်ရင်း ညည်းညူနေမဲ့အစား အလုပ်အကိုင်ပေါလာမဲ့ တစ်နေ့အတွက် ကြိုတင်ပြင်ဆင်ထားကြသင့်တယ်။ သားသူငယ်ချင်းတွေက ဘာဖုန်းကိုင်တာ လို့ မိဘကို မကျေမနပ် ပြောနေမဲ့အစား မိဘအလုပ်မှာ နိုင်သလောက် ဝင်ကူပေးနေရင် ဘယ်လောက်ကောင်းမလဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်အလုပ်လုပ်နေရလို့ လောကကြီးကို အပြစ်တင်နေမဲ့အစား အဲဒီလို ဘဝကနေ မီလျံနာတွေ ဖြစ်ကုန်ကြတဲ့ လူတွေအကြောင်းကို အတုယူပြီး အိပ်မက်မက်နေသင့်တယ်။
တကယ်တော့ အောင်မြင်မှုဆိုတာ အဓိပ္ပါယ်ဖွင့်ရခက်ပါတယ်၊ ဘာကို အောင်မြင်တယ်ခေါ်တာလဲ၊ ဘယ်သူ့ကို အောင်မြင်သူအဖြစ် သတ်မှတ်ရမှာလဲ။
ဒေါ်အောင်ဆန်းစုကြည်လည်း အောင်မြင်သလို၊ ဒေါက်တာ အောင်ထွန်းသက်လည်း အောင်မြင်တာပဲ။



ဦးကျော်သူ အောင်မြင်သလို ဓမ္မစေတီလမ်းပေါ်က ယာဉ်ထိန်းရဲလည်း အောင်မြင်တာပဲ။
ပြေတီဦးမှ အောင်မြင်တာ မဟုတ်ပါဘူး။ သူ့ကို ညွှန်ကြားနေတဲ့ ဒါရိုက်တာ ကိုပေါက်လည်း အောင်မြင်တာပဲ။
တကယ်တော့ အောင်မြင်သူတွေဆိုတာ ဘဝဆိုတဲ့ကျောင်းက ကိုယ့်ကိုပေးလာတဲ့ ပုစ္တာကို အကောင်းဆုံး ဖြေဆိုနိုင်သူတွေပဲ ဖြစ်ပါတယ်။ “ကိုယ်” ဟာ “သူ” ဖြစ်စရာ မလိုဘူး၊ ဘယ်လောက်ကြိုးစားကြိုးစား ဖြစ်လာမှာလည်း မဟုတ်ဘူး၊ “ကိုယ်” လုပ်ဖို့ လိုတာက “အကောင်းဆုံးသောကိုယ်” ဖြစ်လာဖို့ပဲ။



ဒီလူငယ်လေးသုံးယောက်ဟာ ငွေကြေး၊ ဂုဏ်ဒြပ်၊ ပညာအဆင့်အတန်းအရ တအားကြီး ခမ်းနား မနေသေးပါဘူး။ ဒါဖြင့် ဘာလို့ အရေးတယူ ပြောနေရသလဲဆိုရင်တော့ သူတို့ဟာ သူတို့အတွက် ရလာတဲ့ မေးခွန်းလွှာကို ညည်းညူခြင်း တစ်စက်မရှိ၊ အပြစ်တင်ခြင်း အလျဉ်းမရှိဘဲ အရှိအရှိအတိုင်း လက်ခံကာ အကောင်းဆုံး ဖြေဆိုနေကြသူတွေ ဖြစ်လို့ပါပဲ။
ဒေါက်တာ ဖြိုးသီဟ
၂၅.၁၁.၂၀၁၄





Comments


  1. When we own our stories, we get to write a brave new ending.

    Stop Dreaming
    Start Doing
    The Victory Is Coming.

    ReplyDelete

  2. 💕အားလုံးနဲဆိုင်တယ်

    ဒီတိုက်ပွဲဟာနိုင်မယ့်တိုက်ပွဲ
    အမှန်တရားအတွက် အသက်စွန့်ဝံ့သူတွေအတွက်
    ကျ‌နော်တို့ နောက်တန်းရဲဘော်များက ကိုယ်နိုင်တာအားလုံး ထောက်ပံ့ကြရပါမယ်💕

    လိပ်ပြာလုံကြမယ်နော် 🦋🦋🦋

    ReplyDelete
    Replies
    1. အိုခေပါ💪
      ကောမန့်ဘယ်လိုပေးရတာလဲဟင်? Post commentကိုနှိပ်တာမရလို့

      Delete
  3. ကြီးမားထဲ့ ဖြစ်ထွန်းမှုတွေဟာ
    သေးငယ်တဲ့ စဉ်ဆက်မပျက်ကြိုးစားမှုလေးတွေကနေ
    ဖြစ်တည်လာခဲ့တာကို သတိရနေပေးပါ 🌹

    ReplyDelete
  4. ပြစ်ဒဏ်ကင်းလွတ်ခွင့်အလေ့အထအမြစ်ဖြတ် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအဆုံးသတ်

    ReplyDelete
  5. နှိပ်ပြီးပါဗြီ.....

    ReplyDelete
  6. Every clickers matter
    Every clicks matter
    Don't give up
    Keep Going

    ReplyDelete
  7. ခုချိန်မှာ ဖစ်နေတာတွေကို ညည်းညူ ဆဲဆိုနေမယ့်အစား ကိုယ်လုပ်နိုင်တာကို လုပ်နေရမှာပဲ

    ReplyDelete
  8. အဆုံးထိတိုက်မယ် ဒါတိုက်ပွဲ ဒါတာဝန်ပဲ
    အားလုံး နဲ့ဆိုင်တယ် အားလုံး ရမဲ့အောင်ပွဲ

    ReplyDelete
  9. နှစ်၆၀ကျော် အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ဆွဲနုတ်ပစ်မယ့် နောက်ဆုံးတိုက်ပွဲ

    ReplyDelete
  10. ငါတို့နိုင်မှာ

    ReplyDelete
  11. အရေးတော်ပုံအောင်ရမည်💪💪💪💪💪

    ReplyDelete
  12. ကောက်ရိုးမီးမဟုတ်

    ReplyDelete
  13. ကလစ်တစ်ခုချင်းကနေ အောင်ပွဲတွေထိရောက်ရှိပါစေ

    ReplyDelete
    Replies
    1. ကလစ်တစ်ခုချင်းကနေ အောင်ပွဲတွေထိရောက်ရှိပါစေ

      Delete
  14. ပိုကလစ်မယ်

    ReplyDelete
  15. "ကိုယ်ကိုယ်တိုင်တွန်းနေသရွေ့ ကျောက်ဆောင်ဟာ တစ်နေ့ရွေ့ကိုရွေ့မှာပါ" ဆက်တွန်းကြပါစို့ ၁၀ ယောက်အားမရှိတော့ရင် ၅ယောက်ကို ၂ဆ အားထည့်တွန်းကြတာပေါ့ဗျာ။ Clicker ရဲဘော်အားလုံးကိုချစ်တယ်။

    ReplyDelete
  16. I love very much Dr phio Thiha's articles.His ideas are awesome.

    ReplyDelete
  17. Thanks for share the article
    Fighting

    ReplyDelete
  18. မိုက်တယ်ဗျို့🐬

    ReplyDelete
  19. Every clickers matter
    Every clicks matter
    Don't give up
    Keep Going ✅

    ReplyDelete
  20. Good Article..Thanks For Sharing Dr.🌹

    ReplyDelete
  21. အရမ်းကောင်းတဲ့စာ

    ReplyDelete
  22. လေးစားမိပါတယ်

    ReplyDelete
  23. လမ်း​ပျောက်​နေတဲ့ ကိုယ့်အတွက်အများကြီးဘာဆက်လုပ်ရမလဲဆိုတဲ့ လမ်းစပြန်​တွေ့လာခဲ့ပါတယ် ကျေးဇူးတင်ပါတယ်ဗျား

    ReplyDelete
  24. ဖတ်ရတာတကယ်အတုယူချင်စရာတွေအားတက်စရာတွေဖြစ်တယ် ငါတို့တွေနိူင်ကိုနိူင်မှာ

    ReplyDelete
  25. “လွတ်လပ်ရေးဆိုရာ၌ နိုင်ငံရေးလွတ်လပ်မှုကို သာမကြည့်ဘဲ၊ လူတိုင်းလူတိုင်း ညီတူညီမျှလူတန်း စေ့နေနိုင်သည့် လောကသစ်ကြီး တည်ထောင်ရန် ကိုလည်း အဆုံးစွန် ရည်ရွယ်ချက် ထားရပေလိမ့်မည် ဖြစ်ကြောင်း။”

    ReplyDelete
  26. Youth is an opportunity to do something and to become somebody in life
    သဘောကျလိုက်တာ

    ReplyDelete
  27. ​ကျေးဇူးတင်ပါတယ် စာဖတ်ရတာကြိုက်တဲ့ကိုယ့်အတွက် ဗဟုသုတလည်းရ နိုင်ရာတာဝန်လည်းထမ်းရင် တိုင်းပြည်အသစ်ကြီးကိုတည်​ဆောက်ကြပါစို့

    ReplyDelete
  28. အသိပညာတိုးရပါတယ်ဆရာကျေးဇူးပါရှင့်

    ReplyDelete
  29. အရမ်းကောင်းတယ်။ထက်မြက်တဲ့လူငယ်လေးတွေကို လေးစားတယ်။

    ReplyDelete
  30. Nice stories. Good Moti.

    ReplyDelete
  31. fighting par 💪🏻💪🏻💪🏻💪🏻💪🏻

    ReplyDelete
  32. ��������

    ReplyDelete
  33. ဖတ်လို့ကောင်းတယ်

    ReplyDelete
  34. Even if you are on your knees, you will not lose until you reach the ground.
    Lyrics from BTS


    ReplyDelete
  35. လေးစားမိပါတယ်။

    ReplyDelete
  36. လေးစားပါတယ်
    Click to Win 💪💪💪❣️❣️❣️

    ReplyDelete
  37. ငါတို့နိုင်ပွဲ မဝေးတော့ဘူး

    ReplyDelete
  38. အားဆေးတစ်ခွက်။ 👍👍👍

    ReplyDelete
  39. အားရွိရပါတယ္

    ReplyDelete
  40. ဖတ်မိတာ တကယ် ကျေးဇူးတင်ရမယ်။
    ကိုယ့်ဘဝကို အမြဲမကျေမနပ်ဖြစ်ပြီး အပစ်တင်နေမိတာ။ကျေးဇူးပါဆရာတို့။

    ReplyDelete
  41. 🤍🖤🤎💜💙💚💛🧡❤

    ReplyDelete
  42. နိုင်ရာကူပါ လူပီသစွာ ရှင်သန်ကြမယ် စိတ်တူကိုယ်တူတွေရယ်

    ReplyDelete
  43. Youths are future leaders who need to be cultivated as a value person

    ReplyDelete
  44. ငါတို့ နိုင်ကိုနိုင်ရမယ်...

    ReplyDelete
  45. ဝင်ဖတ်မိတာ၂ကြိမ်ရှိပြီကွယ်

    ReplyDelete
  46. Love this blog. The contents are brilliant.

    ReplyDelete
  47. ဒီလိုစာကို ဖတ်ရတဲ့အတွက် ကျေးဇူးပါ 😚

    ReplyDelete
  48. တော်တော် ဖတ်လို့ကောင်းတယ် ကြိုက််တယ်

    ReplyDelete
  49. သဘောကျလိုက်တာ

    ReplyDelete

Post a Comment